ရန်ကုန်မြို့နှင့်အနီးဆုံးကမ်းလွန်လုပ်ကွက်ဖြစ်သည့် မုတ္တမကမ်းလွန်ဒေသလုပ်ကွက်အမှတ် M-3 တွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ထိုင်းနိုင်ငံ PTTEPI ကုမ္ပဏီတို့ပူးပေါင်း၍ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်းကို ၂၀၁၁ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် စတင်ခဲ့ပြီး ၂၀၁၁ ခုနှစ် မေလ ၉ ရက်နေ့တွင် သဘာဝဓာတ်ငွေ့မီးရှို့စမ်းသပ်မှုပြုလုပ် ခဲ့ရာ အောင်မြင်စွာမီးရှို့စမ်းသပ်နိုင်ခဲ့ပါသည်။ လုပ်ကွက်အမှတ် M-3 ၌ ရေနံနှင့်သဘာဝဓာတ်ငွေ့ ခိုအောင်းနေသော ပမာဏကို သိရှိနိုင်ရန်အတွက် သုံးဘက်မြင် ဆိုက်စမစ်တိုင်းတာရေး၊ ရှာဖွေရေးတွင်းနှင့် အကဲဖြတ်တွင်းများ ဆက်လက်တူးဖော်ရေးကို ဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါလုပ်ကွက်အမှတ် M-3 မှထွက်ရှိလာမည့် ရေနံနှင့်သဘာဝဓာတ်ငွေ့အားလုံးကို ပြည်ပသို့ (လုံးဝ)ရောင်းချခြင်း မပြုဘဲ ပြည်တွင်း၌လိုအပ်လျက်ရှိသော စွမ်းအင်ကဏ္ဍများတွင်သာအသုံးပြုသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။